Friday, July 23, 2010

ကျွန်မတို့၏အနာဂတ် မျှော်လင့်ချက်

“မေမေရေ သားဗိုက်ဆာတယ်၊ ခဏနေအုံးနော်သား၊ သားဖေဖေပြန်လာရင် စားရမယ်နော်”
ည(၈)နာရီခန့် အချိန်တွင် ဆာလောင်စွာ မိခင်ကို ပူဆာနေတဲ့ ကလေးတစ်ဦးရဲ့အသံကို ကျွန်မစိတ်ဝင်စားစွာ နားစွင့်မိတယ်။ ထိုအသံသည် သွပ်ဖြင့်ကျိုးတိုးကျဲတဲမိုးထားပြီး ဝါးထရံကာထားသော၊ လက်ကောက်ဝတ်လောက်ရှိတဲ့အိမ်တိုင်နှင့် မခိုင့်တခိုင် ယိုင်လဲတော့ မယောင်ထင်ရတဲ့ အိမ်သေး သေးလေးတစ်လုံး ပေါ်မှ ပျံ့လွင့်လာတဲ့အသံဖြစ်သည်။ ကျွန်မနေတဲ့ နေရာနှင့် ထိုသားအမိ၏အိမ်မှာ ဘေးချင်းကပ်လျက်ရှိပြီး သူတို့သားအမိ ပြောနေတဲ့စကားများကို ကျွန်မအတိုင်းသား ကြားနေရသည်။ ကျွန်မက ဘာဖြစ်လို့ သူ့ရဲ့ခလေးဗိုက်ဆာနေတာကို မကျွေးသေးပဲ ဖခင်ကို ဆောင့်ခိုင်းနေတာလဲ ဒါကိုစဉ်းစားပြီး ကျွန်မလဲစိတ်အလိုမကျဖြစ်ရင်း အိပ်ယာဝင်ခဲ့တယ်။
ကျွန်မအိပ်ယာက၆နာရီခွဲထတော့ထိုအိမ်မှအသက်(၃၀)အရွယ်ယောကျာ်းတစ်ယောက်ထွက်လာပြီးအလုပ်သွားဖို့ပြင်ဆင်နေတာ ကျွန်မတွေ့လိုက် တယ်။ သူတို့ရဲ့အိမ်က အကာအရံမဲ့နေပြီး အပြင်ကနေကြည့်လိုက်ရုံနှင့် အိပ်တဲ့နေရာ အထိတောင်မြင်နေရတယ်။ အိမ်ထဲမှာ ဝတ်ပြီးသားအဝတ်တစ်ပုံနှင့် အိုဟောင်းနေပြီဖြစ်သော သေတ္တာတစ်လုံးကို အိမ်၏ ထောင့်တွင် ထားထားသည်ကိုတွေ့ရသည်။ နောက်ပြီး ၄နှစ်အရွယ်ကလေး တစ်ယောက်နှင့် သူ၏မိခင်ဖြစ်ဟန်တူသော ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး အိမ်ရှေ့တွင်ငေးငိုင်နေသည်။ ကျွန်မလည်း မျက်နှာသစ်ပြီး မနက်စာစားရင်း အဲဒီမိသားစုအကြောင်း ကျွန်မ မေမေကို မေးဖြစ်လိုက်တယ်။ ကျွန်မမေမေက စားစရာမရှိလို့နေမှာပေါ့သမီးရယ်။ ကျွန်မအဲဒီစကားကိုကြားတော့ အရမ်းအံ့သြမိတယ်။

မခင်စန်းတို့မိသားစုသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ကနေ အလုပ်အကိုင်ရှားပါးမှုကြောင့်ဘုရားသုံးဆူမြို့ကို ပြောင်းလာခဲ့တာ ၃၊ ၄နှစ်လောက်ရှိခဲ့ပါပြီ။ မခင်စန်းတစ်ယောက် မိမိချစ်သောခင်ပွန်းနှင့် နယ်စပ်ကိုရွေ့ပြောင်းလာရင်း သားသမီး၃ယောက်နှင့်အတူ ဘဝကို ရုန်းကန်နေရရှာတယ်။ သူမတို့မိသားစုသည် တစ်နေ့အလုပ်လုပ်လို့မှ ထမင်းကိုဝအောင်မနည်းစားနေရတဲ့ဘဝပါ။မခင်စန်းလည်း အလုပ်တစ်ဖက်နှင့် သားသမီး ၃ယောက်ကိုလည်း ကြည့်ရူ့စောင့်ရှောက်ရင်း အိမ်မှုကိစ္စကိုလည်းလုပ်ကိုင်နေရသည်။ သူမ၏ခင်ပွန်းသည် သူမကို အိမ်မှုကိစ္စတွင် ဝိုင်းမကူပေ။ သူမသည် ငယ်ငယ်ကတည်းကနေ အခုချိန်ထိ စားဝတ်နေရေးပြသာနာကို ရင်ဆိုင်နေရပြီး၊် အသက်၂၇ နှစ်လောက်သာ ရှိသေးသော် လည်း အလုပ်ပင်ပန်းမှုကြောင့် အသားအရေမွဲခြောက်ခြောက်နှင့် အသက်ကြီးသူ တစ်ယောက်လို အိုမင်းရင့်ရော်နေသည်။

“အခုလက်ရှိအခြေအနေက အလုပ်ကလည်းပါး၊ စရိတ်စကတွေကလည်းကြီး ခလေးကျောင်းစရိတ်ကလည်းကုန်ဆိုတော့ ကျွန်မတို့လင်မယားနှစ်ယောက်စလုံးအလုပ်လုပ်မှ ထမင်းနပ်မှန်တာလေ” ကျောင်းသွားဖို့အတွက်ကလေးကို ပြင်ဆင်ရင်း မခင်စန်းကပြောပြသည်။

ကျိုက်ထိုမြို့တွင် လယ်ယာနှင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး၊ များသောအားဖြင့် မိမိတို့ကိုယ်ပိုင် ခြံမြေတွင် သာလုပ်ကိုင်ကြသည်။ ခြမြေမရှိသော သူများအတွက်အလုပ်အကိုင် ရှားပါးလျှက်ရှိသည်။ ထိုကြောင့် ထိုမြို့မှ လူအများစုသည် နယ်စပ်သို့ ရွေ့ပြောင်းပြီးလာရောက် အလုပ်လုပ်ကြသော်လည်း၊ ကိုယ်မြို့ရွာ မှာကဲ့သို့ပင် အလုပ်အကိုင်ရှားပါးလျှက်ရှိသည်။ ဘုရားသုံးဆူမြို့သည် လူမျိုးပေါင်းစုံနေထိုင်ပြီး လုပ်ကိုင်စားတတ်သူများအတွက် အလုပ်မရှားပါးပေ။ ဘုရားသုံးဆူမြို့သို့ အနယ်နယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံ လာရောက်ပြီးအလုပ်လုပ်ကြသည်။ တစ်ချို့က ဖိနပ်ချုပ်စက်ရုံ၊ တချို့က အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကြပြီး ဝမ်းရေးအတွက်လုပ်ကိုင် နေကြရသည်။ တချို့သူများက ဆိုင်ကယ်ကယ်ရီမောင်းနှင်ကြသည်။ တချို့ကလည်းယွန်းထည် စက်ရုံထောင်ပြီးစီးပွားရှာကြသည်။ ဘုရားသုံးဆူမြို့တွင် လာရောက်အလုပ်လုပ်ကိုင်ကြသောသူများသည် ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး အလုပ်အဆင်ပြေ သည်ဖြစ်စေ၊ အဆင်မပြေသည် ဖြစ်စေ ရရာအလုပ်ကိုလုပ်ကိုင်ရင်း မိသားစု ဝမ်းစာဖူလုံ ဖို့အတွက် ကြိုးပမ်းနေကြသည်။

“အလုပ်မကောင်းတဲ့အချိန်ဆို ထမင်းငတ်တဲ့အခါလည်းရှိပါတယ်။ ကျွန်မယောကျာ်းကနွေရာသီဆို ရေထမ်းတယ်၊ တစ်နေ့ကို ၁၅၀ ဘတ်လောက်ရတယ်။ မိုးတွင်းဆို ယွန်းထည်စက်ရုံမှာ အလုပ်လုပ် တယ်လေ။ တစ်နေ့ကို ၁၅၀ ဘတ်ရတယ်။ တခါတလေ အလုပ်မကောင်းတဲ့အခါ ၁၂၀ ဘတ်၊ ၁၀၀ ဘတ် အဲဒီလိုရတယ်၊ ပုံမှန်မရှိဘူး။ ကျွန်မကြတော့ အဲဒီယွန်းထည်တွေကို အချောဖြစ်အောင်ပွတ်တယ်။ ကျွန်မက တစ်နေ့ကို ၅၀ဘတ်၊ တခါတလေ ၇၀ဘတ်ရတယ်။ ကျွန်မတို့နှစ်ယောက်ပေါင်းမှ အများဆုံး ၂၀၀ကျော်ကျော်လောက်ရတာ၊ စားစရိတ်နှင့် ကလေးတွေကျောင်းသွားဖို့အတွက် ထမင်းချိုင့်ထည့်လိုက်တာနဲ့ ကုန်သွားပြီ၊ မနက်ဖြန်အတွက်မရှိတော့ဘူး” ဟု မခင်စန်းကပြောသည်။

“ပြီးတော့သူများအိမ်ကနေ မီးသွယ်ထားတယ်လေ တစ်လကို ၂၀၀ဘတ်ပေးရတယ်၊ လကုန်ရင်တော့စိတ်ညစ်ရပြီ မီးခပေးဖို့ပိုက်ဆံမရှိလို့ ၊ တခါတလေ ကလေးအဖေက အလုပ်ကနေပြန်လာလို့ နေမကောင်းဖြစ်ရင်တောင် ဆေးခန်း မသွားရဲဘူး၊ ရှိတဲ့ဆေးလေးပဲသောက်ပြီး မှိန်းနေရတယ်။ ခလေးတွေက မုန့်တွေ့ရင် ငိုပြီးပူဆာတယ်လေ၊ ကျွန်မလည်း ကိုယ့်သားသမီးကို ဝယ်ကျွေးချင်ပါတယ်၊ ဒါပေမယ့် ပိုက်ဆံမရှိတော့ ဘယ်လိုလုပ်ဝယ်ကျွေးလို့ရမှာလဲ” သူမကဆက်ပြောသည်။

မခင်စန်းသည် ငယ်ငယ်ကတည်းက စားဝတ်နေရေး မပြေလည်သောကြောင့် ကျောင်းမနေခဲ့ရပေ။ မခင်စန်း၏ခင်ပွန်း ကလည်းအတန်းပညာ နည်းပါးသောကြောင့် သူတို့၏သားသမီးတွေကို ပညာရေးနဲ့ပတ်သက်ပြီး နည်းလမ်းကောင်း မပြနိုင်ခဲ့ပေ။ မခင်စန်း၏သားလေးသည် ဘုရားသုံးဆူမြို့ရှိ ကျောင်းတွင် ၁` တန်းတက်နေပြီး ကျောင်းသွားရမှာ အလွန်ပျင်းသည်။

“ကျမသားက စာလည်းမရဘူး၊ သူကကျောင်းသွားရတာရော စာကိုရော စိတ်လည်းမဝင်စားဘူး၊ ကျွန်မကလည်း သူ့ကို ဂရုမစိုက်နိုင်ဘူးလေ၊ အလုပ်ကတစ်ဖက် ချက်ရပြုတ်ရနဲ့ အားတဲ့အချိန်ကို မရှိပါဘူး။ အငယ်နှစ်ယောက်ကိုလည်း ထိန်းရသေးတယ်။ ပြီးတော့ကျွန်မတို့လင်မယားကလည်း စာမှမတတ်တာ သူ့ကို ဘယ်လိုလုပ်သင်ပေးနိုင်မှာလဲ” ဆံပင်ကို ဖိုသီပတ်သီထုံးပြီး ယွန်းထည်ပွတ်ရင်း သူမကပြောသည်။ မခင်စန်းပြောနေတဲ့ အကြောင်းအရာကို စိတ်ဝင်တစား နားထောင်ရင်း အခုမှ ခပ်စူးစူး အရောင်တင်ဆေးရဲ့ အနံ့ကို ရှုရှိုက်မိတော့တယ်။

မခင်စန်းတို့လင်မယားသည် စာမတတ်သောကြောင့် သူတို့၏သားသမီးကို ပညာတတ်ဖြစ်စေချင်သော်လည်း သားသမီးတွေက ငယ်ငယ်ရွယ်ရွယ်နှင့် စာကိုစိတ်မဝင်စားသောကြောင့် စိတ်မကောင်းဖြစ်မိတယ်၊ ထိုသို့ဖြစ်ရသည်မှာ မိဘတို့၏ စာမတတ်မြောက်မှုကြောင့်လည်း ဖြစ်နိုင်သည်။`

ထိုနောက် သူမ၏ အနာဂတ်တွင် သူမအတွက်ဘာမှ မမျှော်လင့်ကြောင်းနှင့် သားသမီးတွေကိုသာ ပညာတတ် ဖြစ်စေချင်ပြီး၊ အခုလိုမိမိတို့ကြုံတွေ့နေရတဲ့ စားဝတ်နေအခက်အခဲတွေကို သူမတို့နည်းတူ သားသမီးတွေကို မဆုံစေချင်ကြောင်း ပြောသည်။
“မခင်စန်းတို့မိသားစု တစ်စုထဲ ဒီပြသာနာကိုကြုံတွေ့နေရတာ မဟုတ်ပါဘူး၊ ဘုရားသုံးဆူမြိုံပေါ်မှာရှိတဲ့ မိသားစုတော်တော်များများကလည်း ဒီလိုပြသာနာကို ရင်ဆိုင်နေရတယ်” ဟု မခင်စန်းနှင့်အတူ ယွန်းထည်ပွတ်နေသော ၃၀နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့မိသားစုမှာ လူဦးရေက များတယ်။ အလုပ်လုပ်တဲ့လူက (၂) ယောက်ရှိတယ်။ ကျောင်းနေတဲ့ခလေးနဲ့ အိမ်မှာ ရှိတဲ့ခလေး မိသားစုအားလုံး (7) ယောက်ရှိတယ်။ ပရိဘောဂအလုပ်မရှိတော့ ကြုံတဲ့အလုပ်ကို လုပ်ရတယ်။ ယွန်းထည်ကို ကော်ပတ်တိုက်တယ်။ ဆေးသုတ်တယ်။ အလုပ်က ပုံမှန်မရှိတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး ဖြစ်နေတယ်။ သားငါး၊ ငရုတ်၊ ကြက်သွန်၊ ဆန်ဈေးအားလုံးက ဈေးကြီးနေတော့ တနေ့ကို ငွေတစ်ရာ၊နှစ်ရာလောက်နဲ့ မနည်းလောက်ငှအောင် စားနေရတယ်" ဟု သူမက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့သည် လူမျိုးပေါင်းစုံနေထိုင်သောကြောင့် ဘာသာချင်း၊ လူမျိုးချင်း၊ အကျင့်အရိုက်ချင်းလည်း မတူ ညီကြပေ။ ထိုနေရာတွင် မိသားစုတစ်စုနှင့်တစု ရိုင်းပင်းကူညီမှုလည်း သိပ်မရှိပေ။ တစ်ချို့သော မိသားစုသည် စားဝတ်နေရေးကြပ်တည်းသောကြောင့် အနီးအနားအိမ်တွင် ငွေကြေးချီးငှာချင်သော်လည်း ဘယ်သူမှ ထိုအတွက် မကူညီချင်ကြပေ။ စားစရာမရှိလျှင် အငတ်နေရသည်။

“ဘယ်သူမှ ဒီနယ်စပ်ကိုလာပြီး အလုပ်မလုပ်ချင်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မလေ ကျွန်မမိသားစုနှင့်အတူ ကိုယ်ရပ်ကိုယ့်ုရွာမှာပဲ အေးအေးခ’ျမ်းချမ်း ပြန်နေချင်တယ်၊ ကျွန်မရဲ့တောင့်တမှုတွေ၊ ကျွန်မရဲ့မျှော်လင့်ချက်တွေ ဘယ်တော့များဖြစ်လာနိုင်မလဲမသိသေးပါဘုး” မျက်ဝန်းမှာ မျက်ရည်တွေဝေ့ရင်းပြောနေတဲ့ မခင်စန်းကိုကြည့်ရင်း ကျွန်မလည်းစိတ်မကောင်းဖြစ်မိတယ်။ ကျွန်မစိတ်ထဲမှာ တိုးတိုးလေး ဆုတောင်းလိုက် တယ် သူတို့ရဲ့ မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ဝပါစေလို့ ။ ။

ချမ်းချမ်း

No comments:

Post a Comment

Powered by FBI