Thursday, August 18, 2011

စရာဲလၸကုႝပၜိဳတ္-ဝတ္လၸကုႝေဗၜတ္

ဇြဟတ်ကောန်ဍောတ် ဒးလၛတ်အနာဂတ်
ကြတ္မှဳံပႜဲလုိက္ ယုိက္မုက္တုဲဗၥာ
ပညာလိက်ပတ် ကတ်အာလေဿင်
ပရေင်လောကဝတ် အနာဂတ်ဂွံကၜိုဟ်
ဒွ္မှိဟ္ခုိဟ္မြဲ

ယွံကောန်ဍောတ်ယဲာ စရာဇ႘ဝိတ
မှဳံရဇၜဳိင္နဲ ေကာန္အဲဟြံစဿတ္
ဒွ္မှိဟ္ဝတ္လုီ ဗီုဂကူဂွံကျေဝ်
ဒးပေဠဝ္မံင္အာ အၾကာဘဝတၛဲဏံ
ဟြံသၸံသာမၢး

ယွံကောန်ဇြဟာန် ဂြိုဟ်ကတာန်မိယဲာ
အေဃာဂၜာဲလုိန္ဇ႘ ဂှဵၐ႘သံသာ
မှာဂှ်လ္ပကေတ် ဗေၜတ်ဂှ်လ္ပဂိုင်
အတိုင်ပရေင်လောက ဆိင်ဆမံင်ညိ
ယွံကောန်မိယဲာ


ဆက္ဗွ္ညိအဵ...

Tuesday, August 9, 2011

မျော်လင့်ချက်ဖြင့် အလုပ်လုပ်နေတဲ့ အမျိုးသမီးတို့ဘဝ

ဖုန်းမြည်သံကြားသောအခါ ဟင်းချက်နေရင်းနဲ့ ပေနေသောလက်ကို ထမီမှာသုတ်လိုက်ပြီး ဖုန်းကိုင်ကြည့်သောအခါ နံပါတ်အသစ်တခု ပေါ်နေတာကိုတွေ့တော့ မကိုင်ရဲပဲ ဆက်ကြည့်နေမိတယ်။ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူက ``ဖုန်းကိုင်လိုက်လေ`` ဆိုပြီး မီးဖိုချောင်ဘက်ကို လျောက်လာရင်းနဲ့ သူမလက်ထဲကနေ ဖုန်းကို နှိပ်လိုက်ပါတယ်။ “ဟဲလို-- အော်-- မိမွန်လား-- သူ ရှိပါတယ်--“ အသံကြားမှ ခင်ပွန်းလက်ထဲက ဖုန်းကိုယူပြီ----
“ဟဲလို--“ သူငယ်ချင်း နေကောင်းလား? နင့်ကို ပြောစရာ အများကြီးရှိတယ်” ဟုဆိုကာ လေးနှစ်လောက်မတွေ့ဖြစ်ခဲ့သော သူငယ်ချင်းဖြစ်သူ မိနွန်ကို ဝမ်းပန်းတသာနဲ့ သူမအကြောင်းကို အားရပါးရ ပြောပါတော့တယ်။
သူမတို့ ဒီရော်ဘာခြံမှာ ရော်ဘာစေးခြစ်နေတာ တစ်လနီးပါးရှိသော်လည်း အိပ်လဲစိုးရိမ်စိတ်၊ စားလဲစိုးရိမ်စိတ် အမြဲတမ်းစိုးထိတ်နေမိတယ်။ လူရမ်းကားတွေ၊ လူမိုက်တွေ၊ ပုလိပ်တွေ လာပြီးကိုယ့်ကို ရန်ပြုမှာ ဖမ်းမှာကိုတွေးပြီး အမြဲတမ်းကြောက်နေရတယ်။ ဖုန်းမြည်လာတိုင်း သူမ မသိတဲ့နံပါတ်ဆို မကိုင်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမက ဒီမှာအလုပ်လုပ်နေတာ သိပ်မကြာသေးဘူးဆိုတော့ အကောင်းအဆိုး မခွဲခြားတတ်တဲ့အချိန်၊ ထိုင်းစကားလဲနားမလည်ဘူးဆိုတော့ အရာရာအားလုံး သတိနဲ့နေမှ တော်ကာကျမယ်။
အမိမြေကနေ ထိုင်းနိုင်ငံတောင်ပိုင်းကျတဲ့၊ ဆူရတ်ခရိုင်ဒေသရောက်အောင် အလွန်ဝေးကွာလွန်တဲ့ ခရီးစဉ်တွေကို မရပ်မနား ဖြတ်ကျော်လာခဲ့ရတယ်။ ဒီခရီးကို သူမတို့ လင်မယားနှစ်ယောက် အခက်အခဲတွေ၊ နာကျင်မှုတွေ တပုံတခေါင်းကြီးခံပြီးမှ ရောက်လာခဲ့တယ်။
``အလုပ်မရှိ၊ ဝမ်းမဝတော့လည်း ကျောင်းနေရွယ် သားနှင့်သမီးကို တဝမ်းကွဲအစ်မဆီမှာ ထားရစ်ပြီး သူများနိုင်ငံကို လာအလုပ်လုပ်ရတာပေါ့။ ကိုယ့်မှာက အရင်းစိုက်ပြီး အလုပ်လုပ်ဖို့ကလဲ မဖြစ်နိုင်တော့တဲ့ အခြေအနေမို့ ဒုက္ခခံပြီး လာရတာပေါ့`` ဟု မိနွန်က ပြောသည်။
ဒီခြံမှာ အလုပ်လုပ်ခွင့်ကို ပိုင်ရှင် ထိုင်းသူဌေးဆီမှာ (၆၅၀၀) ဘတ်နဲ့ ဝယ်ပြီးမှ အလုပ်လုပ်ရတယ်။ ဒါတောင်မှ ထိုင်းစကားပြောတတ်တဲ့ တရွာတည်းသား အစ်ကိုတယောက်ရဲ့ အဆက်အသွယ်နဲ့ ဒီခြံကို ရခဲ့တာပါ။ အခုခေတ်က ရော်ဘာဈေး တအားဈေးကောင်းတဲ့အချိန်၊ ဒီအလုပ်က အခြားအလုပ်ထက် ၃ ဆလောက် ရတယ်ဆိုတော့ လူတိုင်းက အလုအယက်ဝယ်နေတဲ့အချိန်မှာ ဒီခြံကို သူမတို့ရလိုက်တာ ကံကောင်းသည်ဟု ဆိုရမည်။ သူမတို့ လင်မယားနှစ်ယောက်က ထိုင်းစကားလဲ မပြောတတ်၊ နားလည်းမလည်တဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ အခက်အခဲဖြစ်စေတယ်။ ဒီနယ်မှာ သူမတို့သူဌေးက ရော်ဘာခြံ သုံးခြံပိုင်တယ်၊ တခြံက မြန်မာနိုင်ငံသား ထားဝယ်လူမျိုးတွေ တကွက်၊ နောက်တခြံက ဗမာလူမျိုးတွေ တကွက်၊ ဒီအငယ်ဆုံးခြံမှာ သူမတို့လင်မယားနှစ်ယောက်က တကွက်ရထားတယ်။ သူမတို့ရတဲ့ခြံမှာ ရော်ဘာပင်ပေါင်း (၈၀၀) ကျော်ကျော်လောက်ပဲရှိတယ်၊ တနေ့ကို ရော်ဘာစေး (၁၃) ရွက်ထွက်တယ်၊ သူမတို့ သူဌေးက (၆) ပုံယူပြီး သူမတို့က (၄) ပုံပဲရတယ်။ ပြီးတော့ သူမတို့ သူဌေးက လုံခြုံရေးအတွက် ဘာတခုမှ တာဝန်မယူဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ပဲ။ တကယ်လို့ သူမတို့အလုပ်လုပ်တာ သူဌေးက စိတ်ကြိုက်မတွေ့ရင် အချိန်မရွေး နှင်ထုတ်ခံရနိုင်တယ်။ သူဌေး စိတ်ကြိုက်ဖြစ်အောင် ကြိုးစားပြီး အလုပ်လုပ်နေရတယ်။
ရော်ဘာခြံထဲမှာ သူဌေးက သွပ်မိုး ဝါးထရံကာ၊ သစ်သားခင်းထားပြီး တံခါးမခိုင်တခိုင်ရှိတဲ့ အိမ်သေးသေးလေးတလုံးကို ဆောက်ပေးထားတယ်။ ဒီခြံက တောနဲနဲခေါင်နေတာကြောင့် ရေပိုက်မရှိဘူး၊ မီးလည်း မရှိဘူး။ ညပိုင်းအချိန်တွင် သူမခင်ပွန်းက ရော်ဘာစေးသွားခြစ်တယ်။ အိမ်လေးထဲမှာ သူမတယောက်တည်း အိပ်မပျော်နိုင်ပဲ တိတ်ဆိတ်စွာ မိုးလင်းမယ့်အချိန်ကို ညတိုင်း စောင့်ဆိုင်းနေရတယ်။ သူမက မိုးလင်းခါနီးမှ အိပ်ရာထပြီး ခင်ပွန်းနဲ့အတူ အစေးဝိုင်းကူသိမ်းပေးတယ်။
သူမတို့နှစ်ယောက် အိမ်ကနေ စထွက်လာကတ်ည်းက ယခုအချိန်ထိ အိပ်ရေးပျက်တဲ့ ညတွေ၊ စိုးရိမ်ကြောင့်ကြမှုဒဏ်များကို ခံစားနေရဆဲပင်။ ချွေတာစုဆောင်းမိသမျ တချို့တဝက်ကို မြန်မာနိုင်ငံရှိ သားသမီးစားဝတ်နေရေးအတွက် ပို့ပေးနိုင်ရန် စုဆောင်းနေရတယ်။ သူမတို့က ဘတ်မရှိသောကြောင့် ထိုင်းပုလိပ်တွေ ဖမ်းဆီးမှုကိုလဲ ကြောက်နေရတယ်။ တချို့တော့ ဘဝတူ ရွှေ့ပြောင်းအလုပ်သမားအများစုတို့မှာ မိမိဇာတိရပ်ရွာရှိ မိဘဆီ ငွေပို့ပေးနိုင်ရန် အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ရင်း ဘဝပျက်သွားတဲ့လူတွေလည်း ရှိတယ်။ တချို့ကြတော့ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ပွဲစားရဲ့စကားကို ယုံကြည်ပြီး ရောင်းစားခံရတဲ့သူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံမအတွင်း အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့ အဖြစ်အပျက်တွေ ၊ အကြောင်းအရာတွေ အမျိုးမျိုးကြားနေရတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကဲမြင့်၊ အလုပ်လုပ်ရတာ အဆင်မပြေတော့ သူမတို့မိသားစုအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်လာတယ်။ ကလေးရဲ့ ကျောင်းစရိတ်၊ စားဖို့သောက်ဖို့စရိတ်က နေ့တိုင်းကုန်နေတော့ လင်းမယားနှစ်ယောက်စလုံး အလုပ်လုပ်တာတောင် လုံလောက်မှုမရှိဘူး။ သူမတို့အိမ်ထောင်စုတွင် ယောကျာ်းဖြစ်သူက ရော်ဘာငှားခြစ်တယ်၊ သူမက ရှိတဲ့ငွေအရင်းအနှီးနဲ့ ရော်ဘာဝယ်တဲ့အလုပ်ကို လုပ်ကိုင်တယ်။ အရင်းအနှီးမလုံလောက်ရင် ရော်ဘာဝယ်တဲ့အလုပ်က အဆင်မပြေမှု မရှိဘူး။ ရွာထဲမှာ ရော်ဘာဝယ်တဲ့လူတွေကလည်း များနေတယ်။ ရောင်းတဲ့လူတွေက ချက်ချင်းလက်ငင်းပေးနိုင်တဲ့ လူကိုပဲ ရောင်းကြတယ်။ ကိုယ်က လက်ငင်းမပေးနိုင်တော့ ကိုယ့်ဖောက်သည်တွေက သူများဆီမှာ သွားရောင်းလိုက်တယ်။ တဖြေးဖြေးနဲ့ ရော်ဘာဝယ်တဲ့အလုပ်လဲ ပြုတ်သွားတယ်။ ခင်ပွန်းရဲ့လုပ်စာနဲ့ စားဝတ်နေရေး အဆင်မပြေတော့ ကလေးတွေကို ဆွေမျိုးမှာ အပ်ထားပြီး အကြွေးယူပြီး ထိုင်းနိုင်ငံကို လာအလုပ်လုပ်ရတယ်။
``လွန်ခဲ့တဲ့ တပေါင်းလက ရွာကနေ စထွက်ပြီး သံဖြူဇရပ်မြို့ကနေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို အဝေးပြေးကားနဲ့ ထွက်လာခဲ့တယ်။ အဲဒီကနေတဆင်း တရားမဝင်တဲ့လမ်းကနေ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ကို ကားနဲ့ တနေ့သွားရတယ်။ မဟာချိုင်မြို့ပေါ်မှာ တညအိပ်ပြီး ဆူရတ်ကို တိုက်ရိုက်ကားစီးလာခဲ့တယ်။၊ ပွဲစားက တယောက်ကို ကျပ် ၄ သိန်း ၈ သောင်း ယူတယ်” ဟု သူမ ပြောပြသည်။
သူမမျက်စိထဲမှာ ကားစီးလာခဲ့တဲ့ အဖြစ်အပျက်ကို အခုထိ မြင်ယောင်နေသေးတယ်။ တိုယိုတာ ကားတစီးတွင် ရွှေ့ပြောင်းအလုပ်သမား ယောကျာ်း၊ မိန်းမ အယောက် ၆၀ လောက် စီးလာခဲ့တယ်။ ကားက ရှေ့ခေါင်းပိုင်းမှာ ၂ ခန်းတွဲဖြစ်ပြီး အဲဒီအထဲမှာ ယောကျာ်း၊ မိန်းမ (၁၄) ယောက်လောက် သိပ်ထဲ့ထားတယ်။
ကားမောင်းသမားက ထိုင်းယောကျာ်းကြီး တစ်ယောက်ဖြစ်ပြီး ရုပ်ရည်ကလဲ ကြမ်းတမ်းလှတယ်။ သူ့ရဲ့ဘေး ထိုင်ခုံတဖက်တွင် မိန်းကလေးငယ် (၃) ယောက်ကို တစ်ယောက်ပေါင်ပေါ် တစ်ယောက်ထိုင်ရတယ်။ ကားသမားနဲ့ အမျိုးသမီးငယ် (၃) ယောက် ထိုင်ခုံဘေးမှာ နောက်ထပ် လူ (၁) ကိုပေးထိုင်ခိုင်းတယ်။ တကယ်လို့ မိန်းကလေးငယ်တွေက သူစီစဉ်ပေးထားတဲ့အတိုင်း ခြေထောက်တွေ ပြူထွက်နေရင် မညှာမတာ ကားတံခါးနဲ့ ဆောင့်ပိတ်ရင် ခြေထောက်ကျိုးသွားနိုင်တယ်။
နောက်တတန်းမှာ ကားထဲမှာရှိတဲ့ ဆိုဖာခုံကို ထုတ်ပစ်ပြီး ပေးထိုင်ခိုင်းတယ်။ လူ ၃ ယောက်ကို တနေရာစာ ထိုင်ရတယ်။ လုံးဝလှုပ်လို့မရအောင် ပြည့်ကျပ်နေတယ်။ သူမက ၃ ယောက်ထဲတွင် အလယ်မှာထိုင်ရတယ်၊ နဲနဲကံကောင်းတယ်လို့ မှတ်ရမယ်။ တကယ်လို့ အောက်ဆုံးမှာ ထိုင်ရလို့ရှိရင် သေနိုင်တယ်။
``ကျမစိတ်ထဲမှာ ဒီတခါတော့ သေရင်သေ၊ မသေရင် တခုခုတော့ ကျိုးမယ်၊ နဲနဲမှ လှုပ်လို့မရအောင် ပြည့်နှက်နေတယ်၊ တကယ်လို့ ကိုယ်ကလှုပ်ရင် အောက်ဆုံးကလူ မခံနိုင်ဘူး၊ လှုပ်လဲမလှုပ်ရဲဘူး၊ အသက်ရှုလို့လဲ မဝဘူး။ ကျမလည်ပင်းဆို လုံးဝထောင်လို့ မရဘူး၊ ယောကျာ်း၊မိန်းမ မခွဲခြားနိုင်ဘူး သူသိပ်ထဲ့သလို ထိုင်ရတယ်`` ဟု ပြောပြတယ်။
ကားနောက်ခန်းမှာတော့ အမိုးမပါဘူး။ ယောကျာ်းလေးအများစုက နောက်ခန်းမှာ ပေးစီးခိုင်းတယ်။ အားလုံးပေးအိပ်ခိုင်းပြီး အပေါ်မှာ အမည်းရောင်အဝတ်စထူထူနဲ့ ဖုံးအုပ်ထားပြန်တယ်။ အဲဒီအထဲက လူတွေ မဟာချိုင်ထိရောက်အောင် ဘယ်လိုစီးလာခဲ့တယ်၊ ဘယ်လောက်နာကျင်ခဲ့တယ်၊ ဘယ်လိုအသက်ရှုခဲ့ရတယ် ဆိုတာ သူမလဲ မသိနိုင်တော့ပါ။ ကျမ တသက်မှာ ဒီတခါပဲ ဒီလိုဒုက္ခမျိုးခံပြီး ခင်ပွန်းနှင့်အတူ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ခဲ့ရတယ်။
သူမနည်းတူ အခြားသောဘဝတူ ရော်ဘာခြံမှာ အလုပ်လုပ်နေတဲ့ အသက် (၂၅) နှစ်အရွယ် မွန်အမျိုးသမီးတဦးကလဲ ``စံခလပူရီကနေ စထွက်လာကတည်းက ကျမက ကားမောင်းတဲ့ ထိုင်းပုလိပ်ရဲ့ဘေးမှာ သူ့မိန်းမအဖြစ် ဟန်ဆောင်ပြီး လိုက်လာတယ်။ သူ့ရဲ့အနွေးထည်ကို ကျမကို ပေးဝတ်ခိုင်းတယ်၊ ဦးထုပ်တလုံးပါ ပေးဆောင်းခိုင်းပြီး အခန့်သားထိုင်ပြီး လိုက်လာခဲ့တယ်။ ထိုင်းပုလိပ်ဂိတ်ကို ကျော်လွန်တာနဲ့ ကျမလဲ နေရာပြောင်းကာ သူများနည်းတူ ကားထဲမှာ ကျပ်ကျပ်ညှပ်ညှပ်လိုက်လာခဲ့ရတယ်`` ဟု ပြောပြတယ်။
မိမွန်တို့ စီးလာတဲ့ကားက ည (၉) နာရီလောက် မဟာချိုင်ဒေသတွင်းရှိ ရော်ဘာခြံတခြံမှာ ရပ်လိုက်တယ်။ အဲဒီနေရာမှာ ကား အချိန်းအချက် လုပ်ထားတယ်ထင်တယ်။ ကျမတို့အားလုံး ကားပေါ်ကဆင်းပြီး သူတို့စီစဉ်ထားတဲ့အတိုင်း ကိုယ့်လမ်းနဲ့ကိုယ် အသီးသီး ကားပြောင်းစီးရတယ်။ သူမနဲ့ခင်ပွန်းကတော့ မဟာချိုင်သွားမယ့်ကားကိုစီးပြီး မြို့ပေါ်ရှိ အိမ်တန်းလျားတခုတွင် ၂ ညအိပ်ရတယ်။ အဲဒီအခန်းထဲမှာ တစ်နေ့လုံးနေရပြီး ထမင်းစားချိန်ရောက်ရင် သူတို့လာခေါ်မှ စားရတယ်။
နောက်နေ့မနက်စောစော အဲဒီအိမ်ကနေ ပူကတ်ကို ခရီးဆက်ပြန်တယ်။ ဒီတခါ ကားစီးရတာ အရင်ကလိုမျိုး မဟုတ်တော့ပဲ ချောင်ချောင်လည်လည်ပဲ စီးခဲ့ရတယ်။ ပစွပ်သိရိခန်ကိုရောက်တော့ ကားက တချက်နားလိုက်ပြီး ည (၉) နာရီလောက်မှာ ဆူရတ်ကို ရောက်လာခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူမတို့ရဲ့ရွေ့ပြောင်းအလုပ်သမားဘဝကို စတင်ပါတော့တယ်။ သူမတို့နဲ့ မရင်နှီးတဲ့ဒေသမှာ မျက်နှာစိမ်း ထိုင်းလူမျိုး၊ ပတ်ဝန်းကျင်းအသစ်တွေ့နဲ့ တွေ့ကြုံခဲ့ရတယ်။ ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများတို့၏ ဘဝအဖြစ်အပျက် တပိုင်းတစ် ဖြစ်တယ်။
သူတို့ ၂ လလောက်ကြာတဲ့အခါ ထိုင်းအစိုးရက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင်လုပ်သားမှတ်ပုံတင် (work permit) လုပ်ဖို့ ကြေငြာချက်ထုတ်ပြန်ခဲ့တယ်။ သူမတို့လဲ အလုပ်သမားမှတ်ပုံတင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီ သတင်းမှာ ဖော်ပြထားတဲ့အတိုင်း လက်ရှိအခြေအနေတွင် မြန်မာအလုပ်သမား စုစုပေါင်း (၅) သိန်းကျော် တရားဝင်လုပ်သားမှတ်ပုံတင် လာရောက်ပြုလုပ်ခဲ့သည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အေဂျင်စီကပြောသည်။
တရားဝင်မှတ်ပုံတင် ပြုလုပ်ရာတွင် အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင် အမည်နေရပ်လိပ်စာ form ဖြည့်ရသည်ဟု သိရတယ်။ အလုပ်သမား ယာယီပတ်စပို့ရဲ့ သက်တမ်းက (၆) နှစ်ဖြစ်တယ်။ အလုပ်သမားမှတ်ပုံတင် လက်မှတ်လုပ်ပြီးမှ ပတ်စပို့၊ ဗီဇာ (၂) နှစ် လုပ်လို့ရမယ်။ တချို့က
တချို့က အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အေဂျင်စီမှာ သွားလုပ်တဲ့သူရှိသလို၊ တချို့ကလဲ သူတို့သူဌေးကိုယ်တိုင် လုပ်ပေးတာ ရှိတယ်။ ဒီယာယီပတ်စပို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် ခွင့်ရှိတယ်။ တရားဝင် အလုပ်သမားမှတ်ပုံတင်လုပ်ရာတွင် ဘတ် ၃၈၀၀ သတ်မှတ်ခဲ့တယ်။ တချို့ကြာပွဲစားများအနေဖြင့် ဘတ် ၆၀၀၀၊ ၇၀၀၀ အထိ ကုန်ကျနိုင်တယ်။
ပတ်စပို့ရရင် အေးအေးဆေးဆေး နေထိုင်ရမယ်၊ မြို့ကြီးဘက်ကို အလည်သွားလာလို့ရမယ်။ ရပ်ရွာကို ပြန်လို့ရှိရင် ကုန်ကျစရိတ်သက်သာမယ်၊ အမျိုးမျိုးဒုက္ခခံပြီး သွားစရာမလိုတဲ့အတွက် ပတ်စပို့ရဲ့ကောင်းကျိုးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအတွက် အကျိုးဖြစ်စေနိုင်ဟု ထင်တယ်။ မြန်မာနိုင်ငံသား အတော်များများက work permit လုပ်ဖို့ စာရင်းသွင်းထားတဲ့လူတွေ အရင်နှစ်ကထက် ပိုများလာတယ်။
``ကျမနဲ့ခင်ပွန်းလဲ work permit လုပ်ဖို့ စာရင်းသွင်းထားပြီးပြီး ပွဲစားကပဲ သူဌေးရှာပြီး လုပ်ပေးတယ်။ ကျမတို့သူဌေးကို ဘာမှမပြောဘူး။ တကယ်လို့ အလုပ်ပြောင်းလို့ရှိရင် ပြောင်းရလွယ်တာပေါ့`` ဟု သူမ ပြောပြတယ်။
တခြားသော အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အလုပ်လုပ်ခွင့်လက်မှတ် မရှိသေးသူ မခင်အေးကလည်း ``ကျမလဲ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရဖို့ သူဌေးကို ပြောထားပြီးပြီ၊ ဆေးရုံမှာ ရောဂါစစ်ဆေးထားပြီးပြီး၊ ဒီလက်မှတ်ရမှ ပြန်တဲ့အခါကျရင် ပွဲစားနဲ့ ပြန်စရာမလိုတော့ လမ်းစရိတ်သက်သာတာပေါ့`` ဟု ပြောပြသည်။
``ကျမလဲ work permit လုပ်ဖို့ လက်ဗွေရာ နှိပ်ပြီးပြီး၊ သွေးစစ်ဖို့ နောက်တခါသွားရအုံးမယ်။ အလုပ်သမားမှတ်ပုံတင်ခက ဘတ် ၆၀၀၀ ပေးရတယ်။ ကျမတော့ work permit လုပ်ပြီးတာနဲ့ ပတ်စပို့ကို တိုက်ရိုက်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ မြို့ကိုသွားလည်တဲ့အခါ၊ ဆေးသွားကုတဲ့အခါ ချက်ချင်းသွားလို့ရတယ်။ `` ဟု ဝင်းကမှာ အလုပ်လုပ်နေတဲ့ မိခမွန်းက ပြောပြတယ်။
လွန်ခဲ့သော ဂျူလိုင်လက လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်းအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင့်အလုပ်သမားစုစုပေါင်း (၅) သိန်းနီးပါး အလုပ်သမားလက်မှတ်သစ် ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်မြို့အခြေစိုက် လူ့အခွင့်အရေးတိုးတက်ရေးအဖွဲ့က ခန့်မှန်းထားတယ်။
သူမအကြောင်းတွေကို သူငယ်ချင်းဖြစ်သူ မိဟေမာကို ပြောပြနေချိန်မှာ အိမ်အပြင်ဘက်မှ ခင်ပွန်းသည်ရဲ့ အော်ခေါ်သံကို ကြားတော့မှ ရော်ဘာစေးသွားကြိတ်ရမည့် အချိန်ရောက်လာမှန်း သတိထားမိတော့တယ်။
``အခုတော့ ကြိတ်မှိတ်ခံပြီး လုပ်နေမယ်၊ အလုပ်တခု ထူထောင်နိုင်မဲ့ ငွေအရင်းအနှီးရပြီးရင် ကျမ ရွာကို ပြန်တော့မယ်၊ ကျမ ကလေးတွေကို လွမ်းလှပြီ`` ဟု ဆိုကာ သူငယ်ချင်းဖြစ်သူကို ငြီးတွားပြီး နှုတ်ဆက်ကာ ဖုန်းချလိုက်ပါတော့တယ်။


ဆက္ဗွ္ညိအဵ...
Powered by FBI