Thursday, July 8, 2010

ကျမျက်ရည်ဘယ်မခမ်း

အေအိုင်ဒီအက်လို့ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ရောဂါဆိုးကြီးဟာ ကမ္ဘာ့နိုင်ငံအဝှမ်းမှာရှိတဲ့ လူသားတွေကို ခြိမ်းခြောက်နေပါတယ်။ အဲဒီရောဂါဆိုးကြီးဟာ ကုရာနတ္တိဆေးမရှိတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပွားနှုန်းတွေ များပြားလာပါတယ်။ အေအိုင်ဒီအက်ရောဂါဝေဒနာကိုခံစားနေရတဲ့သူတွေဟာ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့လည်း ဖယ်ကျဉ်ခံနေရတာလည်းရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံစံခလပူရီမြို့နဲ့ (၃၅) ကီလိုမီတာဝေးတဲ့ ဝေ့မလိုင်ကျေးရွာမှာ ဆရာမနော်ဖောလုလု ဦးစီးပြီးဖွင့်လှစ်ထားတဲ့ Save House ခေါ်နာတာရှည်ရောဂါသည်များ လုံခြုံရေးဂေဟာ ခြံဝင်းထဲ အဝင်မှာတော့ အမျိုးသမီးငယ်တစ်ဦးပြေးထွက်လာပြီး လက်အုပ်ချီနှုတ်ဆက်လာပါတယ်။ သနပ်ခါး အဖွေးသားလိမ်းချယ်ထားပြီး ရိုးသားတဲ့မျက်နှာပိုင်ရှင်တစ်ဦးပါ။ သူမကတော့ယဉ်ယဉ်ကလေးနဲ့ စိတ်ရောဂါဝေဒနာခံစားနေရတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အိမ်အတွင်းမှာတော့ ခရစ်စမတ်ပွဲတော် ကျင်းပဖို့အတွက် ဖဲကြိုးကလေးတွေသွယ်တန်းပြင်ဆင်နေတာကိုတွေ့ရပါတယ်။ တချို့သူတွေကျတော့ ယက္ကန်းယက်နေတာကိုတွေ့ရပါတယ်။ သူတို့တတွေဟာ ရောက်ရာအခြေအနမှာ ပျော်ရွင်အောင် နေနေတာကိုလည်းတွေ့ရပါတယ်။ အိမ်ရဲ့ပတ်ဝန်းကျင်မှာစိုရင် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေရယ် အုတ်ဖုတ်တဲ့စက်တခုကိုလည်းတွေ့ရပါတယ်။ အိမ်ဂေဟာရဲ့အပြင်အဆင်ဟာ ထယ်ဝါခြင်းမရှိပေမဲ့ စေတနာမေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံနေတဲ့နေရာလေးတစ်ခုပါ။

Save House လို့ခေါ်တဲ့ နာတာရှည်ရောဂါသည်များလုံခြုံရေးဂေဟာမှာဆိုရင် ရောဂါသည်ပေါင်း (၆၀)လောက်ရှိပါတယ်။ စိတ္တဇရောဂါဝေဒနာသည်တွေ တီဗီလို့ခေါ်တဲ့အဆုတ်နာရောဂါသည်တွေ AIDS ရောဂါသည်တွေကိုစောင့်ရှောက်ထားပြီး ဆေးဝါးကုသပေးတဲ့ နေရာလေးတစ်ခုပါ။ အဒီအထဲမှာဆိုရင် AIDS ရောဂါသည် (၅)ယောက်ရှိနေပါတယ်။ အချို့ရောဂါသည်တွေဟာ အိမ်ထောင်ရေးဖေက်ပြန်မှု လိင်ဘက်ဆိုင်ရာလိုက်စားမှုတွေကြောင့် ဒီရောဂါကူးစက်လာခဲ့တယ်လို့ဆိုပါတယ်။ အချို့ရောဂါသည်တွေကတော့ ကိုယ်တိုင်ဖေက်ပြန်တာမရှိပေမဲ့ ကိုယ်ရဲ့ခင်ပွန်းသည်ကနေ ကူးစက်လာတာလည်းရှိပါတယ်။ ဒီဖြစ်စဉ်ကို ရောဂါသည်အမျိုးသမီးတစ်ဦးက သူမရောဂါကူးစက်လာခဲ့တဲ့ အခြေအနေအဖြစ်အပျက်ကို အခုလိုပြောပါတယ်။

ကျွန်မယောကျာ်းကတော့ အရက်မမူးယင်ကောင်းတယ်။ မူးလာပြီဆိုရင် သွေးဆိုးတယ်။ ကျွန်မကိုရိုက်တယ်။ နောက်ဆုံးသည်းမခံနိုင်တော့တာနဲ့ ကျွန်မထွက်ပြေးလာတယ်။ အမျိုးသမီး အဖွဲ့အစည်း အကူအညီနဲ့ Save House ကိုရောက်လာတယ်။ နောက်တစ်နှစ်ကြာတော့ ကျွန်မယောကျာ်းလာခေါ်တယ်။ နောက်သူမမူးတော့ပါဘူး ဝန်ခံခဲ့တော့ သားသမီးမျက်နှာထောက်လို့ ပြန်လိုက်သွားခဲ့တယ်။ ကျွန်မနဲ့ကွဲနေတဲ့ကာလမှာသူက ဗမာပြည်နဲ့ရှမ်းပြည်ကို သွားနေကြတဲ့လူကို ပို့တေယ်ဟုတ်လား။ အဲတာကို သူတောလမ်းကနေ ဂိတ်ဖြတ်တယ်ဆိုလို့ရှိယင် လူတစ်ယောက်ကို (၆၀၀) ရတယ်။ ပိုက်ဆံကလည်းများတယ်ဟုတ်လားဆိုတော့ မိန်းမတွေနဲ့ရှုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ရောဂါရလာတယ်ကျွန်မထင်တယ်။ အဲဒါပေမဲ့ယောကျာ်းစိုတော့ ကိုယ်ချင်းစာပါတယ်။ သူကလူပျိုမှ ခလေးမှမဟုတ်တာ။

သူမ မကျန်းမမာဖြစ်တော့ ဆေးရုံတက်ဆေးစစ်လို့အဖြေထွက်လာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးပြိုပျက်သွား မတတ်ခံစားရတယ် လို့ဆိုပါတယ်။ ဒီ AIDS ရောဂါကူးစက်ခံနေရမှန်း ဆေးစစ်ချက်အရ သိရတဲ့အခါမှာတော့ စိတ်ဓါတ်ကျဆင်းနေပေမဲ့ နောက်ဆုံးတော့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ်မှာ မထားရှိတဲ့မေတ္တာ တရားက အနိုင်ယူသွားပါတယ်။ ဒီအကြောင်းတွေကို မျက်ရည်ဖြိုင်ဖြိုင်ကြားက အခုလိုပြောပါတယ်။

အဲဒီရောဂါရပြီးဆိုတော့ ကျမပြန်လာတာပေါ့။ ပြန်လာတော့ ဒါပေမဲ့ ကိုယ်သိတယ်လေ ကိုယ်ရှာလို့မဟုတ်ဘူး ဆိုတာသိတယ်။ ဒါပေမဲ့ ကိုယ်ရှက်တယ်။ ကျမဘယ်တော့မှထင်မထားဘူး ကျမဒီရောဂါရမယ်စိုတာ။ ထမင်းစားဖို့ဟင်းစားဖို့ကျမကို လာပြောကြတယ်။ ကျမနားမထောင်ဘူး။ နောက်ဆုံးကျမနားထဲကို စကားတစ်ခွန်းဝင်သွားတယ်။ နင်ဟာ မိခင်တစ်ယောက်ဖြစ်တယ်။ နင်ခလေး (၂) ယောက်အတွက် နင်အသက်ရှင်ပေးရမယ်တဲ့။ အဲဒါနဲ့ ကျမခလေး (၂)ယောက်အတွက်ပဲ ကျမအသက်ရှင်ပေးတယ်။ နောက်မဟုတ်ဘူးဆိုရင် အဲဒီရောဂါရပြီးဆိုရင် ကျမသေလိုက်ပြီး ကိုယ့်ကိုယ်ကို။

တချို့ကျတော့ အပျော်အပါးလိုက်စားခဲ့လို့ဒီ AIDS ရောဂါ ကူးစက်တာခံနေရတဲ့သူလည်းရှိပါတယ်။ ကိုယ်တိုင်အပျော်လိုက်စားရင်း ရောဂါကူးစက်တာခံခဲ့ရတဲ့ ဦးစောထူးဆိုတဲ့ ရောဂါသည်တစ်ဦးက အခုလိုပြောပါတယ်။

သူငယ်ချင်းတွေအပေါင်းအသင်းပေါ့။ အဲဒီကျိုက္ခမီလှေသွားလိုက်တယ်ပေါ့။ အဲဒီမှာ သူငယ်ချင်းတွေက မြှောက်တာပေါ့၊၊ စားသောက်ပြီးတော့ ဟိုတာဖြစ်အုံးမလားဆိုတော့ လိုက်မိတာပေါ့၊၊ အဲဒီကနေပြီးတော့ ရောဂါရလာတယ်၊၊ ကျွန်တော်တို့က အစုံကိုဝင်တာ၊၊ ရေးနယ်ဘက်က အဲဒီဆီဖြူတောင်တို့လည်း ၀င်တာ၊၊ သူတို့ကအမျိုးသမီးဆိုင်တွေ Open ပဲထားပေးတာကိုး။

တချို့လူနာတွေကတော့ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်ရင်း လိင်ဘက်ဆိုင်ရာ အပျော်အပါးလွန်ကဲခဲ့လို့ AIDS ရောဂါကူးစက်လာခဲ့တယ်လို့ပြောပါ တယ်။ သူဟာကျန်းမာရေးအသိမရှိတော့ အကာအကွယ်သုံးရမှန်းလည်းမသိခဲ့ပါဘူး။ ရောဂါကူးစက်ပြီးတော့မှ ရလာတဲ့အသိတရားနဲ့နောင်တဟာ နောက်ကျခဲ့ပြီးလို့ဆိုပါတယ်။

ကျွန်တော်တို့အမျိုးသမီးတွေနဲ့သွားလာဆက်ဆံတော့ မူးလည်းမူးနေတာကိုး။ ကွန်ဒုန်းသုံးရမှန်း လည်းမသိဘူး။ နောက်ရောဂါရမှသိ ရတယ်ဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး။

အခြားနိုင်ငံအချို့မှာတော့ဒီ AIDS ရောဂါဝေဒနာခံစားရတဲ့လူနာတွေကို နွေးထွေးစွာဆက်ဆံပြီး ဖေးဖေးမမကူညီစောင့်ရှောက်ပေမဲ့ မြန်မာနိုင်ငံမှာတော့ မိဘဆွေမျိုး သူငယ်ချင်း လူ့အသိုင်းအဝိုင်း ကြားမှာ ဖယ်ကြဉ်ခံနေရတယ်လို့ ဝေဒနာသည်တစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။

သူများတွေ့လို့ရှိရင်ဟာ အဲဒီကောင်ကဒီရောဂါနဲ့ဖြစ်လာပြီး။ ငါနဲ့မပေါင်းချင်တော့ဘူး။ ဘာညာနဲ့ဒီလို ပဲပြောတာပေါ့။ တဝမ်းကွဲတွေ ဆွေမျိုးအသိုင်းအဝိုင်းတွေလည်း၊ အဲဒီကောင်က မပြန်လာနဲ့တော့ သေတာပဲကောင်းပါတယ်။ အဲဒီရောဂါဖြစ်လာပြီးဆိုတော့ ဘာထူး တော့မလဲ ဘာညာပြောတယ်။ ခံစားရတာပေါ့။ အမျိုးမျိုးခံစားရတာပေါ့။ သူငယ်ချင်းတွေကလည်း ဒီလိုပဲပေါ့။ သူအမေဘာတွေ ပြောလည်းမသိဘူး။ အမေပြောတယ် နင့်အဖေကအကျင့်မကောင်းတော့ဘူး။ ဘာညာအဲဒီ လိုပဲဖြစ် မှာပေါ့။ အခုဘာမှဖုန်းမဆက်တော့ဘူး။ အရင်တုန်းကဆိုရင် ဖုန်းဆက်သေးတယ်။

သူတို့တတွေလိုရောဂါဆိုးတွေမဖြစ်ပွားအောင် ဆင်ခြင်နိုင်ဖို့ဆိုပြီးတော့ ဝေဒနာသည်အမျိုးသမီးတစ်ဦးတစ်ဦးက စေတနာထားပြီး မျက်ရည်စက်လက်နဲ့ အခုလိုစကားလက်ဆောင်ပြောကြားခဲ့ပါသေးတယ်။

အဲဒါအကောင်းဆုံးကတော့ ကိုယ့်သားသမီးဖြစ်ဖြစ် ကိုယ်ကိုတိုင်ဖြစ်စေ ယောကျာ်းမိန်းမ ယူတော့မယ်ဆိုလို့ရှိရင် ဒီအခု ကျမလိုမျိုးပဲ လင်မယားအတူတူနေတုန်းရောဂါ မရှိဘူး၊၊ ကွဲသွားတယ်၊၊ ကွဲသွားပြီး အကြောင်းကြောင်းကြောင့် ပြန်ယူရမယ်ဆိုလို့ရှိရင် ပြန်ယူမယ့်အချိန်မှာ သွေးစစ်ကြည့်လိုက်ပေါ့၊၊ သွေးစစ်ကြည့်လို့  ရောဂါပိုးရှိနေပြီးဆိုရင်တော့ မယူနဲ့ တော့ပေါ့၊၊

AIDS ရောဂါဆိုးရဲ့ ကူးစက်ပျံ့ တတ်ပုံကို ဒေါက်တာဗညားအောင်မိုးက အခုလိုရှင်းပြခဲ့ပါတယ်၊၊

ကူးစက်နေတတ်ကြတာကတော့ ကာမဆက်ဆံရေး နံပါတ်(၁)အများဆုံးဘဲ၊၊ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးတွေကို အကြောထဲသွင်းတဲ့အတွက်ကြောင့် ဆေးထိုးအပ် ၊ ဆေးထိုးပိုက်ကနေ သွေးစပါပြီးတော့ ကူးစက်တာလည်းဖြစ်ပါတယ် တစ်မျိုးဖြစ်နိုင်တယ်၊၊ ထိုးကွင်းမှင်ကြောင်ထိုးတာကလည်း ကူးနိုင်တာဘဲ၊၊ သွေးသွင်းတဲ့အခါမှာ သွေးလှူဒါန်း တဲ့လူပေါ့၊၊ သူမှာရောဂါပိုးရှိတယ်ဆိုရင် သွေးသွင်းခံရတဲ့လူနာကိုလည်း ကူးသွားတာရှိတယ်၊၊ မိခင်က AIDS ရောဂါ
ပိုးရှိခဲ့တယ်ဆိုရင် ကလေးမွေးတဲ့အခါမှာလည်း ကူးနိုင်တယ် ၊၊ နောက်ပြီးတော့ ကလေးမွေးပြီးနောက်ပိုင်း
မှာ အမေ့နို့ တိုက်တာလည်းကူးနိုင်တယ်၊၊

AIDS ရောဂါကာကွယ်တားဆီးတဲ့နည်းလမ်းတွေကိုလည်း ဒေါက်တာဗညားအောင်မိုးက အခုလိုရှင်းပြပါသေးတယ်၊၊ ပညာပေးရေး လည်းလိုတယ်၊၊ တလင်မယားစံနစ်ကျင့်ကြံဘို့  ကာမကိစ္စနဲ့  ပတ်သက်ပြီးတော့ အပြင်မှာမရမ်းကားဖို့ ပေါ့၊၊ အပြင်မှာ ဆက်ဆံ တဲ့ အခါမှာ ကွန်ဒုံးသုံးတဲ့ အလေ့အကျင့် စွဲစွဲမြဲမြဲ ရှိလာဘို့ လိုတယ်၊၊

WHO ခေါ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အချုပ်ရဲ့  စစ်တမ်းအရ (၂၀၀၈) ခုနှစ်မှာမြန်မာနိုင်ငံမှာလည်း AIDSရောဂါကူးစက်သူနှစ်သိန်း ခွဲရှိသလို နှစ်စဉ်သေဆုံးနှုန်း (၂၅၀၀) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ၊၊

Save House လို့ ခေါ်တဲ့နာတာရှည် ရောဂါသည်များသည်များ လုံခြုံရေးဂေဟာကနေအပြန် ပါတ်ဝန်းကျင် အပြင်ဘက်မှာတော့ ဆောင်းလေအဝှေ့ မှာ သစ်ရွက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေကျနေတာကို တွေ့ ရပါတယ်၊၊ ဆောင်းခိုငှက်ကလေးများရဲ့  အော်မြည်သံတွေကတော့ ကြေကွဲစရာအဖြစ်တွေကို ပံ့ပိုးနေသလိုပါဘဲ၊၊ အပြန်ခရီးမှာတော့ စဉ်းစားစရာများစွာကို ထွေးပွေ့ လာခဲ့
ပါတယ်၊၊ ဒီအဖြစ်ဆိုးကြုံတွေ့ နေတာ ဘယ်လောက်များများရှိ နေပြီးလည်း၊၊ ပညာရှင်တွေ တွက်ဆတဲ့ ကိနုးဂဏာန်းလောက်ပဲလား၊၊ ရွက်ပုံးသီးရောဂါသည်တွေရော ဒီစာရင်းထဲမှာပါနေသလား ၊၊ ဒီရောဂါဆိုးကြောင့်ကျခဲ့တဲ့ မျက်ရည်တွေဘယ်လောက်များနေပြီး
လည်း ၊၊ ဒီအတွေးနဲ့  စိတ်ထဲမှာ နောက်ကျိလာပါတယ်၊၊ နေလုံးကြီးကတော့ အနောက်မိုးကုတ်စက်ဝိုင်းကို ၀င်ရောက်ခါနီးနေပါပြီး၊၊
သြော် ပန်းအကြွေလမ်းမှာ မျက်ရည်ပင်လယ်တွေ ခမ်းနိုင်ပါတော့မလား၊၊
ဆူးပန်း

No comments:

Post a Comment

Powered by FBI